တနိုင်း ဇန်နဝါရီ ၁၃
ကချင်ပြည်နယ် တနိုင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူများက စုံညီပွဲတော် ဒို့နွှဲပျော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းမှ ပညာရေးစုံညီပွဲတော် ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် အဘက်ဘက်မှ ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ထွက်ပေါ်လာစေရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား/သူများ ပေါင်းစည်းညီညွတ်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို စတင်ခဲ့ပြီး ပညာရေးထူးချွန်ဆု ရရှိသူများ၊ အားကစား ဆုရရှိသူများ၊ စာစီစာကုံးပြိုင်ပွဲဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ် ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြသောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတို့က ထူးချွန်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူလေးများက တေးသီချင်းများဖြင့် ကပြ သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ပန်းအိ(ပြန်/ဆက်)