ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဇန်နဝါရီ ၁၃

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့သည် စိန်ရတုဖြစ်သည့်အတွက် ယခင်နှစ်များထက် ပိုမိုပြီး ထူးထူး ခြားခြားဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အခမ်းအနားဖိတ်စာကအစ ခန့်ခန့်ညားညား ဖြစ်အောင် ပြုလုပ်ရမည်ဖြစ်သလို ပို့စကတ်များကိုလည်း လှလှပပ ပြုလုပ်ရန်လိုကြောင်း၊ ဧည့်ခံကျွေးမွေးရေး အစီအစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုကြောင်း၊ ပြီးခဲ့သည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် နိုင်ငံတော်ကောင်စီဝင် ဦးမောင်းဟာတို့ကိုယ်တိုင် တက်ရောက်ချီးမြှင့် ခဲ့သဖြင့် ယခုနှစ်တွင်လည်း နိုင်ငံတော်အဆင့်အကြီးအကဲများအားလုံး ဖိတ်ကြားနိုင်ရေး ဆောင်ရွက် ရန်လိုကြောင်း၊ ယခုနှစ် ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်သဖြင့် အစည်းအဝေး တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ  တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးပေးစေလို ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုုင်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က ချင်းအမျိုးသားနေ့သည် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပြီးဖြစ်သည့်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို သိရှိထားပြီး ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီအလိုက် ဆုံးဖြတ်ပေးရမည့်အချက်များကို ပြည်နယ်ဝန်ကြီးချုပ်မှ Dicision ပေးနိုင်အောင် ပြည့်ပြည့်စုံစုံ တင်ပြဆွေးနွေးစေလိုကြောင်း တင်ပြဆွေးနွေးသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးက (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ကို စည်ကားစွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီအသီးသီးမှ အကျယ်တဝင့် ဆွေးနွေး ပေးကြရန် ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးတို့၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်မည့်အစီအမံများနှင့် ခန့်မှန်းကုန်ကျစရိတ်များကို Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဆပ်ကော်မတီအသီးသီး၏ ဆွေးနွေးတင်ပြချက်များအပါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြု ဆွေးနွေးကြပြီး စစ်ဗျူဟာ (အခြေချ) ဟားခါးမှ ဗိုလ်မှူးကြီး စောထွန်းက လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကာ တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)