ပုဗ္ဗသီရိမြို့နယ်၌ လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူ

ပုဗ္ဗသီရိ ဇန်နဝါရီ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ အိမ်ထောင်စုစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇေယျာသီရိခရိုင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် ဇေယျာသီရိခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့် တာဝန်ရှိသူများက မင်္ဂလာဒီပရပ်ကွက် အတွင်းရှိ အိမ်ထောင်စုများတွင် လူတစ်ဦးချင်းစီ၏ အချက်အလက်များ မှန်ကန်စေရေး၊ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ လူဦးရေဆိုင်ရာ စာရင်းအချက်အလက်များနှင့် မသန်စွမ်း (၅)မျိုးစာရင်းတစ်အိမ်တက်ဆင်း ကောက်ယူနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို  ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြားရပ်ကွက်/ကျေးရွာများတွင်လည်း စာရင်းကောက်ယူရေး အဖွဲ့များက တစ်ပြိုင်တည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် စာရင်းကောက်ယူနေမှုများကို  မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာလင်း (ပုဗ္ဗသီရိ)