တပ်ကုန်း ဇန်နဝါရီ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ လူအများရှေ့စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ ဆွေးနွေးပြောဆိုသည့် အတတ်ပညာရပ်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတ မြင့်မားရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေ များလေ့လာခြင်းနှင့် ဗလငါးတန် ပိုမိုဖွံ့ဖြိုးလာပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်ပေါ်စေရေး အဖွင့်အမှာစကား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းကိုကျင်းပရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းမှ Grade-10 နှင့် Grade -11 ကျောင်းသား၊ ကျောင်းသူ ငါးဦးတို့က "လူငယ်နှင့် ကိုယ်ကျင့်တရား"၊ "လူငယ်နှင့်အနာဂတ်ရည်မှန်းချက်"၊ "လူငယ်နှင့်စည်းကမ်း"၊ "လူငယ်နှင့်ယဉ်ကျေးမှု"၊ "လူငယ်နှင့်အားကစား" ခေါင်းစဉ်တို့ဖြင့် ၎င်း တို့ ဖတ်ရှုလေ့လာထားသည့် အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ရာ ပါဝင်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူ ငါးဦးက သက်ဆိုင်ရာမေးခွန်းများအလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများက ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ငါးဦးအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့်ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာကြီး ဦးမျိုးမင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၀)ကျော်တက်ရောက်ခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်စာအုပ်၊ စာစောင်များနှင့်လူကုန်မှု အန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်စာစောင်များ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်