တံတားဦးမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

တံတားဦး ဇန်နဝါရီ ၁၃

တံတားဦးခရိုင် တံတားဦးမြို့နယ် မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀)နာရီအချိန်က တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့်သီဆို၍ ဖွင့်လှစ်ပေးပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားရာတွင် တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၁)ကျောင်းရှိပြီး ကျောင်းများလုံး ဇန်နဝါရီလ(၃)ရက်နေ့မှစတင်၍ ဇန်နဝါရီလ(၉)ရက်နေ့အထိ ပညာရေးစုံညီပွဲများ ကျင်းပခဲ့ပါကြောင်း၊ ယနေ့ပညာရေးစုံညီပွဲတော်တွင် ကျောင်းသား/သူများ၏ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ဆုရသူများကို ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ ကြိုးပမ်းအားထုတ်မှု၊ မိဘများ၏ပံ့ပို့မှု၊ ကျောင်းသား/သူများ၏ မလျော့သောဇွဲဖြင့် ကြိုးစားမှုတို့ကြောင့် ဆုများထိုက်ထိုက်တန်တန်ရရှိခြင်းဖြစ်ကြောင်း၊ ပညာရေးစုံညီပွဲတော်မှ ရရှိသောအကျိုးရလဒ်အနေဖြင့် ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ပေါ်ထွက်လာပြီး ဗလ(၅)တန်နှင့်ပြည့်စုံသော ကျောင်းသား/သူများ ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်စန်းဥ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ဉာဏစွမ်းရည်ဆု၊ ကာယစွမ်းရည်ဆုများကို ဆုရကျောင်းသား/သူ များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဉာဏစွမ်းရည်ဆုတွင် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် လူရည်ချွန်ပြိုင်ပွဲများပါရှိပြီး၊ ကာယစွမ်းရည်ပြိုင်ပွဲတွင် အားကစားပြိုင်ပွဲများပါရှိသည်။ ဉာဏစွမ်းရည်ဆုချီးမြှင့်ရာတွင် စုစုပေါင်း(၇၇)ဆု၊ ကာယစွမ်းရည်ဆုချီးမြှင့်ရာတွင် စုစုပေါင်း(၃၉)ဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့ပြီး တောင်ဘီလူအခြေခံပညာအထက်တန်း ကျောင်းသား/သူများက ပညာရေးစုံညီပွဲတော်သီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

ရဲတင့်