ထားဝယ်မြို့တွင် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ်  ဇန်နဝါရီ  ၁၃

တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အရာထမ်း/အမှုထမ်းများအား အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သီသီစိုးက ဌာနဆိုင်ရာတာဝန်ရှိသူများ ၏သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားစေလိုကြောင်း၊ မိမိဌာန ရောက်ရှိသည့်အခါတွင် အသုံးချတတ်ရန် လိုအပ်ကြောင်း၊ ဌာနမှပေးအပ်လာသော တာဝန်များကိုလည်း ကျေပွန်စွာထမ်းဆောင်ရန်လိုအပ်ကြောင်းပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှူးအား အမှတ်တရလက်ဆောင်ပေးအပ်သည်။

သင်တန်းတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ကြင်ကြင်သန်းက အခမ်းအနားမှူးရွေးချယ်သည့်အခါတွင် အသံသြဇာနဲ့ ပြည့်စုံသည့်သူကို ရွေးချယ်ရမှာဖြစ်ပြီး ဥပဓိရုပ်ကောင်းသောသူ ဖြစ်ရန်လည်းလိုအပ်ကြောင်း၊ အခမ်းအနားမှူးသည် အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း၊ ဘာသာရေးအခမ်းအနား စသည်များတွင် အခမ်းအနားပြီးစီးအောင် တာဝန် ထမ်းဆောင်ခြင်းကို အခမ်းအနားမှူးဟု ခေါ်ဆိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဝန်ထမ်းများအနေဖြင့် အခမ်း အနားများတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်းနှင့် အခမ်းအနားမှူးအကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးက ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အရာထမ်း/အမှုထမ်း ဝန်ထမ်း(၃၃)ဦးအား Master of Ceremony (M.C) တစ်ဦးတွင်ရှိရမည့် အဓိက အရည်အချင်းများ၊ အခမ်းအနားမှူးတစ်ယောက်၏ အရည် အချင်းအကြောင်း၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့် နည်းလမ်းများအကြောင်း၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းများကိုဇန်နဝါရီ ၁၅ ရက်နေ့အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသပေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)