မြိတ်ခရိုင်အတွင်း အခြေခံစားကုန်များကို ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ညှိနှိုင်းဆွေနွေး

မြိတ်  ဇန်နဝါရီ  ၁၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ပြည်သူများ နေ့စဉ်စားသုံးလျက်ရှိကြသည့် အခြေခံစားကုန်များနှင့် အသား/ငါးများကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စားသောက်ကုန်အသင်းများနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပြည်သူများ နေ့စဉ်စားသုံးနေသည့် အခြေခံစားကုန်များကို လက်ရှိဈေးနှုန်းများ လျော့နည်းသက်သာစေရန် ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ကုန်သွယ်လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျစရိတ် သက်သာအောင် ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊  မြိတ်ခရိုင်အတွင်း အခြေခံ စားကုန်များနှင့် အသား/ငါးများကို ရောင်းသူနှင့်ဝယ်သူများ အဆင်ပြေပြီး ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် နည်းလမ်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဉာဏ်ဇော်က ဒေသအတွင်း ပြည်သူများ အခြေခံစားကုန်များကို သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်‌ ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေး‌ပေးကြရန် အမှာစကားပြောကြားပြီး လုပ်ငန်းရှင်များ၊ စားသောက်ကုန်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကုန်သွယ်ဆောင်ရွက်မှု အခြေအနေများနှင့် အခက်အခဲများကို ဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)