မိုင်းရယ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမှတ်(၂)လှုပ်ရှားစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့် တို့က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၊ ဂုဏ်ထူးရရှိသူများ၊ ဘာသာပြ ထူးချွန် ဆရာ/မ များ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းတွင်းအဆင့်နှင့် မြို့နယ် အဆင့် လူရည်ချွန်၊ စွမ်းရည်၊ စာစီစာကုံး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူ လေးများက ပညာရေးဆိုင်ရာ အဆိုအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၂)လှုပ်ရှားစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မ များ၊ ကျောင်းသား မိဘများ၊ ဆုရကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်