တန့်ယန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ဆက်လက်ဆောင်ရွက်

တန့်ယန်း ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ တပ်ရင်း တပ်ဖွဲ့များ၊ မြို့မရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတို့တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ကွင်းဆင်းကောက်ယူသည့် နေရာများသို့ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကောက်ယူရေးကော်မတီမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

တန့်ယန်းမြို့နယ်တွင် မြို့မရပ်ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရာအုပ်စု (၄၉)အုပ်စုရှိရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် တာဝန်ရှိသူများပါဝင်သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့(၈၄)ဖွဲ့တို့မှ အိမ်ထောင်စုလူဦးရေစာရင်းများ တိကျမှန်ကန်ရေး အတွက် တိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)