မြစ်ကြီးနားမြို့နယ် သမဝါယမအသင်းစု(လီမီတက်)၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် သမဝါယမအသင်းစု(လီမီတက်)၏ ၂၀၁၉ - ၂၀၂၀၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ်သမဝါယမဦးစီးဌာနရုံးရှိ “ဆွတ်ဂျာအိန်”ခန်းမတွင် ကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့နယ် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးကျော်ညွန့်က အဖွင့်ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်က သမဝါယမ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန်မှာကြားပြီး မြစ်ကြီးနားမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က မြို့နယ်သမဝါယမအသင်းစု (လီမီတက်)၏ အောင်မြင်မှုအခြေအနေများ၊ မကျင်းပနိုင်ခဲ့သည့် ဘဏ္ဍာရေးနှစ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးနှစ်အလိုက် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများက ဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့် အခြေခံသမဝါယမအသင်းမှ ကိုယ်စားလှယ်များက အသင်းနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြကာ ဆွေးနွေးချက်များ အပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသူများထံမှ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းအား သဘာပတိမှ အတည်ပြုချက်ရယူကာ သဘာပတိမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြစ်ကြီးနားမြို့နယ် သမဝါယအသင်းစု(လီမီတက်) အောက်ရှိ အခြေခံ အသင်းစုပေါင်း (၁၁၆) သင်းမှ ကိုယ်စားလှယ်များ စုစုပေါင်းအင်းအား (၁၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)