မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ  ဇန်နဝါရီ  ၁၃

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊    မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို လှိုင်းဘွဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို လှိုင်းဘွဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေက မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်အဆင့်  ထူးချွန်ဆုရရှိခဲ့ကြသော   ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြပေးခဲ့သည်။

ထို့နောက် ပြည်နယ်အဆင့် စာစီစာကုံး၊ကဗျာ၊အင်္ဂလိပ်စာစွမ်းရည်၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ကျောင်းသူများ ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ကြေးတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အခြေခံပညာ အဆင့်ကျောင်းသား၊ကျောင်းသူလေးများက တေးသရုပ်ဖော်အကအလှ၊ တေးသီချင်းများဖြင့် ကပြ၊သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်.ဆက်)