တောင်ကြီးမြို့၌ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းကျင်းပ

တောင်ကြီး ဇန်နဝါရီ ၁၃

၂၀၂၃ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များအား ထပ်ဆင့်ချီးမြှင့်ခြင်းကို ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာကျော်ထွန်းက ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည် ဂုဏ်ထူးဆောင်ဘွဲ့များအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း၊ တက်ရောက်ရယူနိုင်ခြင်းမရှိသော အဝေးရောက် လက်ခံသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ၎င်းတို့ရရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့များကို ထပ်ဆင့်ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားဖြစ်ပါကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် လွတ်လပ်ရေးကြိုးပမ်းစဥ်ကာလမှ ယနေ့ထိ အသက်ခန္ဓာနှင့်သွေး၊ ချွေးများကိုပေးဆပ်ပြီး ထူးကဲစွာ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ ကြသည့် ပုဂ္ဂိုလ်များ၊နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကဏ္ဍများမှာ ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ စစ်ဘက်နှင့်နယ်ဘက်ဆိုင်ရာများတွင် တိုင်းကျိုး ပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် လူမျိုးအတွက် သိပ္ပံပညာ၊ဝိဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာနှင့် တီထွင်ဖန်တီးစွမ်း ဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက် သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မဆုတ်မနစ် သော ဇွဲ၊ လုံလ၊ ဝီရိယများနှင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ယခုကဲ့သို့ မင်္ဂလာရှိပြီး ထူးခြား လေးနက်သည့် အခါသမယတွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့တာဖြစ်ပါကြောင်း၊ ၂၀၂၂ခုနှစ်မှာ ရှမ်းပြည်နယ် အတွင်း ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအနက်မှ သီရိပျံချီဘွဲ့(၂)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့(၂)ဦးနှင့် အလင်္ကာကျော်စွာ ဘွဲ့(၁)ဦး စုစုပေါင်း(၅)ဦးတို့ကို လက်ရောက် ချီးမြှင့်သွားမှာဖြစ်​ပြီး ယခုရရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့များသည် မိမိတို့ခက်ခဲကြမ်းတမ်းစွာနှင့် ဖြတ်သန်းခဲ့ရသည့် ဘဝကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည့် စွမ်းဆောင် ရည်များကို နိုင်ငံတော်က မှတ်ကျောက်တင်ခြင်း ခံရမှုသင်္ကေတ အမှတ်အသားတစ်ခုဖြစ်သည့်အတွက် သားစဥ် မြေးဆက် ဂုဏ်ယူရပါကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူများကိုယ်စား လေးစားဂုဏ်ယူရပါကြောင်း၊ မိဘ၊ ဘိုးဘွားများ၏ နိုင်ငံတော်အတွက် ဆောင်ရွက်ခဲ့ကြသည့် ကြီးမြတ်သောဂုဏ်ကို ဆက်လက်စောင့်ထိန်း ပေးကြပါရန် ပြောကြားသည်။

ဆက်လက်၍ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာကျော်ထွန်းက သီရိပျံချီဘွဲ့ရပုဂ္ဂိုလ်နှင့် ဝဏ္ဏကျော်ထင်ဘွဲ့ရပုဂ္ဂိုလ်(၃)ဦးတို့ အားဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ရာ သီရိပျံချီဘွဲ့ရ ဦးထွန်းမြင့်ကိုယ်စား မြေးဖြစ်သူ ဦးတင်မြင့်လှိုင်မှ လက်ခံ၍လည်းကောင်း၊ သီရိပျံချီဘွဲ့ရ “ဝ”အမျိုးသား ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းလူ(ခ)ဦးဒီကီ ကိုယ်စား သားဖြစ်သူ ဦးခွန်စောမင်းခေါင်မှ လက်ခံ၍လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရ RCSS/SSA ဦးယွက်ဆစ် ကိုယ်စား ဦးစိုင်းရှောင်ဟန်မှ အသီးသီးလက်ခံရယူပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုးက ဝဏ္ဏကျော်ထင်ဘွဲ့ရ “ကယန်း”အဖွဲ့မှ ဦးကေဘရယ်ပျံ ကိုယ်စားဇနီးဖြစ်သူ ဒေါ်အယ်နီမှ လက်ခံရယူ၍ လည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရ စာရေးဆရာ ဦးသန်းထွန်းတို့အား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး )