တံတားဦးမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

တံတားဦး ဇန်နဝါရီ ၁၃

တံတားဦးခရိုင် တံတားဦးမြို့နယ် မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည် ။

အခမ်းအနားတွင် တံတားဦးမြို့၊ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် သီဆို၍ ဖွင့်လှစ်ပေးပြီး တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကား ပြောကြားရာတွင် တံတားဦးမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၁၂၁)ကျောင်းရှိပြီး ကျောင်းများလုံး ဇန်နဝါရီလ(၃)ရက်နေ့မှ စတင်၍ ဇန်နဝါရီလ(၉)ရက်နေ့အထိ ပညာရေးစုံညီပွဲများ ကျင်းပခဲ့ပါကြောင်း ၊ ယနေ့ပညာရေးစုံညီပွဲတော်တွင် ကျောင်းသား/သူများ၏ ကာယစွမ်းရည် ၊ ဉာဏစွမ်းရည် ဆုရသူများကို ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း ၊ ဆရာ၊ဆရာမများ၏ ကြိုးပမ်းအားထုတ်မှု၊ မိဘများ၏ ပံ့ပိုးမှု၊ ကျောင်းသား/သူများ၏ မလျော့သောဇွဲဖြင့် ကြိုးစားမှုတို့ကြောင့် ဆုများ ထိုက်ထိုက်တန်တန်ရရှိခြင်းဖြစ်ကြောင်း ၊ ပညာရေးစုံညီပွဲတော်မှ ရရှိသော အကျိုးရလဒ်အနေဖြင့် ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ပေါ်ထွက်လာပြီး ဗလ(၅)တန်နှင့် ပြည့်စုံသော ကျောင်းသား/သူများ ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းဥ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ဉာဏစွမ်းရည်ဆု၊ ကာယစွမ်းရည်ဆုများကို ဆုရကျောင်းသား/သူများအား အသီးသီးပေးအပ်ချီးမြှင့်ကြသည် ။

ဉာဏစွမ်းရည်ဆုတွင် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲနှင့် လူရည်ချွန်ပြိုင်ပွဲများ ပါရှိပြီး၊ ကာယစွမ်းရည်ပြိုင်ပွဲတွင် အားကစားပြိုင်ပွဲများ ပါရှိသည်။ ဉာဏစွမ်းရည်ဆု ချီးမြှင့်ရာတွင် စုစုပေါင်း(၇၇)ဆု ၊ ကာယစွမ်းရည်ဆု ချီးမြှင့်ရာတွင်  စုစုပေါင်း(၃၉)ဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့ပြီး တောင်ဘီလူအခြေခံပညာအထက်တန်း ကျောင်းသား/ သူများက ပညာရေး စုံညီပွဲတော်သီချင်း သီဆို၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)