ပျဉ်းမနား ဇန်နဝါရီ ၁၃
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ (တတိယအကြိမ်) အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် ကံဦးရပ်ကွက်၊ ကံဦးကျွန်းတော်ကျောင်း၌ကျင်းပရာ ပျဉ်းမနားမြို့နယ် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရမထေရ်မြတ်အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရမထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက ဆရာတော်သံဃာတော်များထံ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။
ဆက်လက်၍ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရမထေရ်မြတ်ထံ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပဋ္ဌာန်းကျမ်းစာအုပ်များအားလည်းကောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပဋ္ဌာန်းပရိတ်ပန်းနှင့် ပရိတ်ရေများအားလည်းကောင်း အသီးသီး ဆက်ကပ်ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး နေပြည်တော်ကောင်စီ အဖွဲ့ဝင်နှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ (၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၆)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော် သွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)