ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေးဆောင်ပုဒ်နှင့်အညီ စစ်ဆေးရေးလုပ်ငန်းများကို စာရင်းစစ်ကျင့်ဝတ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်

ထားဝယ် ဇန်နဝါရီ ၁၃

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ထားဝယ်ခရိုင် မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံ အရာထမ်းများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားသည် ။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲ စနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေးဆောင်ပုဒ်နှင့်အညီ အစိုးရ၊ ဌာနအဖွဲ့အစည်းများ၏ ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်းအပြင် လုပ်ငန်းဆောင်ရွက်မှုများသည် ပြည်သူ့အကျိုးသက်ရောက်မှုရှိမရှိ စစ်ဆေးခြင်း ၊ ဥပဒေ စည်းမျဉ်း ၊စည်းကမ်းလိုက်နာမှု ရှိမရှိ စစ်ဆေးခြင်းတို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ စစ်ဆေးခြင်း ဖြင့် ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် စစ်ဆေးရေး လုပ်ငန်းများကို သတ်မှတ်ဥပဒေ ပြဌာန်းချက်များနှင့်အညီ ထိရောက်စွာ စစ်ဆေးဖော်ထုတ်၍ အစီရင်ခံတင်ပြရမည်ဖြစ်ပါ ကြောင်း ၊ Real Time Audit ဖြင့်စစ်ဆေးလျက် ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်စစ်ဆေးရန်နှင့် အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်း သဘောသဘာဝအရအဖွဲ့ဖြင့် ဆောင်ရွက်ရသည့် ပညာရပ်ဆိုင်ရာ လုပ်ငန်းဖြစ်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြန်အလှန်လေးစား ယုံကြည်မှုဖြင့် ပေါင်းစပ်ညှိနှိုင်း၍ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်နှင့် မိမိတို့ရုံး၏ လုပ်ငန်းတာဝန်များ စံတန်ဖိုးများကို သိရှိနားလည်ပြီး ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့ပါ၍  မိမိတို့ရုံး၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို သိရှိရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၊ စစ်ဆေးရေး အရည်အသွေး တိုးတက်စေရေးအတွက်ပညာရပ်ဆိုင်ရာ အသိပညာ ၊ ဗဟုသုတများအပြင် ဥပဒေ ၊ ညွှန်ကြားချက်များကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်နှင့် ပြည်သူ့အကျိုးရှေးရှု ဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားသည် ။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးနှင့် ထားဝယ်ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံ အရာထမ်းများက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြကြသည် ။

ယင်းနောက် အမြဲတမ်းအတွင်းဝန်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည် ။

အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယနေ့နံနက်ပိုင်းကလည်း ကော့သောင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)