မိုင်းဖြတ်မြို့၌  ကိုဗစ်-၁၉ ​ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ညှိနှိုင်းစည်းဝေး

မိုင်းဖြတ် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီအောင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး​ပေါ်တုန့်ပြန်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ပူပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေး၊ အသက် ၅ နှစ်မှ ၁၂နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်နှင့် ထပ်ဆောင်းထိုးနှံပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် ပညာရေးဌာနတို့မှ ထိုးနှံရေးစီမံချက်ရေးဆွဲပြုစု၍ စနှစ်တကျပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနိုးဆော်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို  အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေးစာစောင်၊ဆိုင်းဘုတ်များစိုက်ထူးခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားရန်နှင့် စပ်လျဉ်း၍ ရှင်းလင်းမှာ ကြားသည်။ ယင်းနောက် ကျန်းမာရေးဌာနနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များက လိုအပ်ချက်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်းထိုးနှံ ပေးနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပညာရေးဝန်ထမ်း များ၊လူမှုအသင်းအဖွဲ့များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ( ပြန်/ ဆက် )