အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ဘားအံ ဇန်နဝါရီ ၁၃

နိုင်ငံတော်ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းများတွင် ကြီးမားသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး၊ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ဘားအံမြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများ၊ ပညာစံအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနန်းမိုးမိုးကြည်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ဘက်စုံဖွံ့ဖြိုးရေး၊ စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် စကားဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ Moderator အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများများ ဖြစ်ကြသည့် မောင်ဟိန်းညီစိုးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စောမြတ်ဘုန်းသူက လူငယ်နှင့်လူမှုဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်ဘိုဘိုက လူငယ်နှင့်အိုင်တီနည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းလင်းလင်းချိုက လူငယ်နှင့်အသက်မွေးဝမ်းကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ထင်အောင်လင်းက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော အစိုးရနည်းပညာ အထက်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ၊ ပညာစံအိမ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များအားမေးမြန်းကြရာ စကားဝိုင်းဦးဆောင်ဆွေးနွေးသူ သင်တန်းသား/သင်တန်းသူများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကိုပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)