ပင်လောင်း ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အထက(၁) Grade- 11 မှကျောင်းသား၊ ကျောင်းသူများက ”ကျောင်းတော်ကြီး” တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး၊ အထက(၁)ကျောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးမြင့်လွင်က အမှာစကားပြောကြားခြင်း၊ အထက(၁)ကျောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးစီက ပညာရေးသင်ကြားနေမှုစနစ်များနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆို အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အားကစားထူးချွန်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများ၊ အားမာန်သွင်းဆုရရှိသည့် ဆရာ၊ ဆရာမများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထက(၁)ကျောင်းမှ ကျောင်းအကျိုးတော်ဆောင်များနှင့် မိသားစုဝင်ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ပေးခဲ့ပြီး၊ အထက(၁)ကျောင်းကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက ကျောင်းဝန်းအုတ်တံတိုင်း အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)