ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ဖွင့်လှစ်ထားသော မြန်မာ့ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ဆင်ပြတိုက်ကို ပိတ်ရက်မရှိ အများပြည်သူလာရောက်လေ့လာကြည့်ရှုနိုင်

ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်အတွင်းရှိ သဘာဝသမိုင်းပြတိုက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် မြန်မာ့ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ဆင်ပြတိုက်ကို ပိတ်ရက်မရှိ အများပြည်သူလာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါ ဆင်ပြတိုက်ထဲတွင်အများ ပြည်သူလေ့လာကြည့်ရှုနိုင်စရာ အဖြစ်အာရှဆင်များ၏ ပျံ့နှံ့ကျက်စားရာဒေသများနှင့် အလေ့အထ၊ မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်းများ ပျံ့နှံ့ကျက်စားပုံ၊ အမူအကျင့်များနှင့် ၎င်းတို့၏ ခေတ်အဆက်ဆက် သမိုင်းကြောင်း အသေးစိတ်များကို စိတ်ဝင်စားဖွယ် လေ့လာကြည့်ရှူနိုင်ကြောင်းနှင့် ဆင်အစိတ်အပိုင်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ အရိုးစုရုပ်ပုံ၊ အစွယ်များ၊ ဆင်အစိတ်အပိုင်းများနှင့် ပြုလုပ်ထားသည့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများကို အသေးစိပ်အနီးကပ်လေ့လာနိုင်မှာပဲ ဖြစ်ပြီး၊ ဆင်များနှင့်ပတ်သက်သည့်အကြောင်းအရာများကို လေ့လာဖတ်ရှူနိုင်မည့် စာအုပ်များထားရှိပေးထားသည့်အပြင် Souvenir Shop မှ အရည်အသွေး ကောင်းမွန်သည့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း သဘာဝသစ်‌တောနယ်မြေများ၌ လက်ရှိတွင်ကျက်စားနေထိုင်ကြသည့် တောဆင်ရိုင်းများကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ ဆင်နဲ့လူတို့ကြား ပဋိပက္ခဖြစ်ပွါးမှုများကို လျော့နည်းလာစေရန်၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု၊ ဆင်နဲ့ ဆင်အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေများတွင် ပြည်သူလူထု သိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီဆောင်ရွက်လာစေရန်နှင့် ဆင်ချစ်သူများ အတွက် ဆင်ပြတိုက်ထဲသို့ ဝင်ရောက်လေ့လာပြီး ဆင်တွေအကြောင်းကို ပိုမိုသိရှိ၊ ရင်းနှီးချစ်ခင်လာ စေရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၃ ရက်‌ ကစတင်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး (ပြန်/ ဆက်)