သံတောင်ကြီးမြို့နယ် ရွှေနန်းကလေးနှင့်ရွှေနန်းကြီးကျေးရွာတွင် မြစိမ်းရောင် ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်း ဆောင်ရွက်

သံတောင်ကြီး ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ပထမအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေ ထုတ်ချေးခြင်းကို ရွှေနန်းကြီးကျေးရွာ ဘုရားကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ချေးငွေများ ပြန်လည်ထုတ်‌ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင် စီမံကိန်းကော်မတီဝင်များ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊  စာရင်းဇယားများ ပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း  ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ကြရန် ပြောကြားခဲ့ပြီး မြစိမ်းရောင်ရန် ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  မြစိမ်းရောင်ရန်ပုံငွေဖြင့် ရွှေနန်းကလေးနှင့် ရွှေနန်းကြီးကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ အသင်းသား (၃၃)ဦးအတွက် ငွေကျပ်(၁၅၃)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အသင်းသား (၆)ဦးအတွက် ငွေကျပ်(၂၈)သိန်း၊   ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ အသင်းသား (၁၆)ဦးတို့အတွက် ငွေကျပ်(၁၁၉)သိန်း၊ စုစုပေါင်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၃၀၀)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စောမင်းသား