ကျောက်တန်း ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မှော်ဝန်းရတနာခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ ပညာပန်းခင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ပညာရေးဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရန်နှင့် မြို့နယ်ပညာရေးစုံညီ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာရေးနှစ်တွင်ရရှိသော ဘက်စုံထူးချွန်ဆုများကို တက်ရောက် လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းအုပ်ဆရာမကြီးများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြသီဆိုဖျော်ဖြေပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ ဆက်)