နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

နောင်ချို ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်နှင့် စာပေကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ “စာဖတ်ခြင်း၏အကျိုးကျေးဇူး ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲအား ယမန်နေ့ညနေ ၃ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်ဆွေးနွေးရာတွင် စာပေဖတ်ရှုခြင်းဖြင့် ပေါ့ပျက်ပျက်ခံစားချက်တွေမရှိတော့ဘဲ ဘဝကြီးဟာလေးနက်လာပါကြောင်း၊ စာမဖတ်ခင်ကစိတ်နဲ့ စာတစ်ခုခုကို ဖတ်ပြီးသွားချိန်မှာ ဖြစ်လာတဲ့စိတ်ဟာ လုံးဝမတူတော့ပါကြောင်း၊ စာဖတ်ထားတဲ့သူဟာ ဆုံးဖြတ်ချက်တွေ တိကျခိုင်မာ လာပါကြောင်း၊  ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကိုယ်ဖတ်ထားတဲ့ စာအုပ်ထဲကလွှမ်းမိုးမှုတွေ ကပ်ပါလာနိုင်တဲ့အတွက်  အကျိုးရှိတဲ့စာပေကို ရွေးချယ်ဖတ်တတ် ကြစေလိုပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက ဆွေးနွေးရာတွင် စာဖတ်တဲ့သူဟာ တမျိုးမဟုတ်တမျိုး ထူးခြားလာတတ်ပါကြောင်း၊ စကားအပြောအဆို၊ အနေအထိုင်၊ အပြုအမူအတွေးအခေါ်များက အများနှင့်မတူတော့ပါကြောင်း၊ ဒါတွေဟာစာဖတ်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်များဖြစ်ပါကြောင်း၊ စာဖတ်ရာမှာလည်း စာပေအမျိုးအစား အရွေးမမှားသင့်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် နေ့ကြီး၊ ရက်ကြီးများနည်းတူ အခြားအသိပညာပေး Talk Show ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် အဆိုပါ Talk Show ဆွေးနွေးပွဲများကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)