စဉ့်ကိုင် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်(၆)နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့သို့ နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံး မှ မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်ဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ကွယ်ရန် ထားရှိရန် လိုအပ်သော မီးငြှိမ်းသတ်ရေးပစ္စည်းများ ဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်းနှင့် နေအိမ်ခြံ၀င်းရှိ အမှိုက်သရိုက်များ ရှင်းလင်းရန်၊ မီးဖိုအသုံးပြုနေစဉ် လူစောင့်ထားရှိရန်၊ အသုံးပြုပြီးပါက မီးကြွင်းမီးကျန်မရှိစေရန် စနစ်တကျ ငြိမ်းသတ်ဆောင်ရွက်ရန် ၊မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် အသိပေး လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင် )