ပိုင်ကျုံမြို့၌ ဒေသထွက်နနွင်း စိုက်ပျိုးခြင်း‌ဖြင့် မိသားစု အပိုဝင် ငွေရရှိ

ပိုင်ကျုံ ဇန်နဝါရီ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေပိုမိုရရှိစေရန်အတွက် တပိုင်တနိုင်နနွင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် မိသားစုတပိုင်တနိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ မီးဖိုချောင်တွင် မရှိမဖြစ်လိုအပ်သည့် နနွင်းဥများ စတင် တူးဖော်ရောင်းချလျက်ရှိရာ  နနွင်းဥအစိုတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ ထိ‌ ရရှိ‌ကြောင်း၊    နနွင်းဥများ ယခင်နှစ်ထက် အထွက်နှုန်းတိုးလျက်ရှိကြောင်း သိရသည်။

နနွင်းမှုန့် အနံ့ကောင်းမွန်စေရေးအတွက်နနွင်းဥအစိုများကို သန့်စင်အောင်ရေဆေးပြီး နူးအောင်ပြုတ်ကာ အခြောက်လှန်းရကြောင်း၊ နနွင်းအခြောက်များကို မောင်းထောင်း သို့မဟုတ် နနွင်းကြိတ်စက်ဖြင့် နနွင်းမှုန့်ဖြစ်အောင် ဆောင်ရွက်ရ‌ကြောင်း၊ နနွင်းမှုန့် နို့ဆီဘူး တစ်ဘူးလျှင် ငွေကျပ် ၁၀၀၀ဖြင့် ရောင်းချလျက်ရှိကြောင်း၊ နနွင်းစိုက် ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

နနွင်းများ စိုက်ပျိုးခြင်းကြောင့် မိသားစုအပို၀င်ငွေရရှိသည့်အပြင် မိမိအိမ်နီးနားချင်းများကိုလည်း ပြန်လည်ဝေငှပေးနိုင်ခဲ့ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)