ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ဆက်လက် ငှားရမ်း

ထားဝယ်  ဇန်နဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတ ရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျား စာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများအား သုတ/ရသ စာအုပ် စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ သူများ အားငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာ အုပ်စာစောင် (၇၅) အုပ်ကို ငှားရမ်းပေးခဲ့ရာ ဆရာ/မများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို လာရောက် အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၃) ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)