တနင်္သာရီမြို့နယ်၊ အလက(ခွဲ)သာယာကုန်း (တောင်)ကျောင်း၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီ ဇန်နဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စု- အလက(ခွဲ)သာယာကုန်း (တောင်) ကျောင်းတွင်  ကျောင်းသူ/သားများ ကာယ/ ဉာဏ/ စာရိတ္တ ဘက်စုံပညာ ဖွံ့ဖြိုးရေး အတွက် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ Grade(2+3+4) ကျောင်းသူ/သားလေးများက သွေးရင်းများပီပီ သီချင်းဖြင် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကျောင်းအုပ်ဆရာကြီး ဦးဆန်းကျော်က ပညာရေး စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ကျောင်းမိဘဆရာအသင်းအဖွဲ့ဝင် ဦးလှဝင်းကြည်က နှစ်စဉ်ဆုများ ရရှိကြအောင် ကြိုးစားရန် အားပေးစကားပြောကြား ပေးကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ဉာဏထူးချွန်ဆုနှင့် ကာယဆုရရှိကြ သည့် ကျောင်းသူ/သားများနှင့် ပညာသင်နှစ်အတွင်း ခွင့်ယူခြင်း၊ ကျောင်းတက်ပျက်ကွက်ခြင်း မရှိဘဲ ကျောင်းတက်အမှန်ဆုံး ဆရာမဆုအဖြစ် ဒု-အလယ်တန်းပြဆရာမ ဒေါ်ခင်ပပလင်း တို့အား ကျောင်းအုပ်ဆရာကြီး ဦးဆန်းကျော်နှင့် ဆရာ/မများ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များက ဆုတံဆိပ်နှင့် ဆုငွေများကို အသီသီးချီးမြှင့် ပေးကြကြောင်း သိရသည်။

ယင်းနောက် အလက(ခွဲ)-သာယာကုန်း (တောင်)ကျောင်းမှ ကျောင်းသူ/သားများက အတန်းလိုက် အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းသားမိဘ/အုပ်ထိန်းသူများက အားပေးကြည့်ရှုကြပြီး ဆုတော်ငွေများ ချီးမြှင့်ပေးကြကာ အခမ်းအနားကို Grade-9 ကျောင်းသား/သူများက ဘက်စုံပညာကိုရည် ဒို့လှမ်းချီ တေးသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ နံနက် ၁၁ နာရီခွဲ အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)