ဘားအံ ဇန်နဝါရီ ၁၃
သာသနာတော် နေလပမာ အဓွန့်ရှည်ကြာစွာ စည်ပင်ပြန့်ပွား ထွန်းလင်း၍ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ဖြာနှင့် ပြည့်စုံသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
စူဠဘွဲ့နှင်းသဘင် အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ အမိတာရာမရဲကျောင်းဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ အမှူးပြုသော အထူးပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညို၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ထူးမခြား နားဘုရားရောင် တော်ဖွင့်ဓမ္မတေးသီချင်းကို တီးခတ်သီဆိုပူဇော်၍ နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က သံဃာတော် အရှင်သူမြတ်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေး ဆိုင်ရာများ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အထူးပင့် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက စာအောင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ယနေ့ကျင်းပသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၂၂ ခုနှစ်၌ စာမေးပွဲ အောင်မြင်တော်မူကြသော နိကာယ်စာအောင်(၁၂)ပါး၊ ဓမ္မာစရိယစာအောင်(၃)ပါး၊ ပါဠိ ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း(၆)ပါး၊ ပထမလတ်တန်း(၁၅)ပါး၊ ပထမငယ်တန်း(၃၇)ပါး၊ အခြေပြု မူလတန်း(၁၂၇)ပါး အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကရင်ပြည်နယ် ပထမနှင့် အခြေပြုမူလတန်း လူပုဂ္ဂိုလ် ၅ ဦး စုစုပေါင်း စာအောင်သံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်(၂၀၅)ပါး တို့အား စာအောင်ဆုများ ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် စာအောင်သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုတေးထပ်ဖြင့် သီဆိုပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှု အစုစုတို့အတွက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ လှိုင်းဘွဲမြို့မကျောင်းကြီးဆရာတော် ဘဒ္ဒန္တခေမိဿရာလင်္ကာရ ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက စာအောင်သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)