စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်း၍ ကန်ပေါက်ကျေးရွာနှင့် ခွေးတောက်ပင်ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျေးရွာများတွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ(၁:၃၀) နာရီက ကန်ပေါက်ကျေးရွာ ပြည်သူများနှင့် လည်းကောင်း၊ မွန်းလွဲ(၃:၃၀)နာရီတွင် ခွေးတောက်ပင်ကျေးရွာ ပြည်သူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင် ခေါင်းဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စီမံကိန်းဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်/ဆက်၊ စိုက်ပျိုးရေး၊ လျှပ်စစ် အစရှိသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ (၃၃) ဦး ပါဝင်၍ မွန်းလွဲ(၁:၃၀) နာရီတွင် ကန်ပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူ (၈၄) ဦးနှင့် လည်းကောင်း၊ မွန်းလွဲ (၃:၃၀)နာရီတွင် ခွေးတောက်ပင် ကျေးရွာပြည်သူ (၉၇) ဦး ကိုလည်းကောင်း တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်းစီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ အချိုးကျ PR စနစ်ကို ရှင်းလင်းခြင်း၊ မီးဘေး၊ သဘာဝဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် VDP စီမံကိန်းဆိုင်ရာများ၊ လျှပ်စစ်အန္တရာယ်ကင်း ရှင်းရေး၊ လောင်းကစားမှု ပပျောက်ရေးနှင့် မှုခင်းကျဆင်းရေး အစရှိသည်တို့ကို ရှင်းလင်းဟောပြော ဆွေးနွေးကြရာ၊ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးခြင်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် ပြန်လည်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ထပ်ဆင့်ရှင်းလင်း ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများ အပြီးတွင် စစ်ကြောင်းနှင့် လိုက်ပါလာသည့် ကျန်းမာရေးဌာနဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အထွေထွေရောဂါ စစ်ဆေးကုသပေးခြင်းများကို ကျန်းမာရေးဝန်ဆောင်မှုများ ပေးခဲ့ကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးတိုး/ သေဆုံး စသည့် အိမ်ထောင်စု လူဦးရေစာရင်းမှ တိုး/လျှော့ လုပ်ငန်းများ ဝန်ဆောင်မှုပေးခဲ့ကြောင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)