ထားဝယ် ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ ထားဝယ်တက္ကသိုလ်နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှပါမောက္ခဌာနမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍများကို အလေးထားဆောင်ရွက်နိုင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို သီးသန့်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသကဲ့သို့ နောင်ကျရင် နယ်ပယ်အသီးသီးတွင် ဦးစီးဦးဆောင် ပြုရမည့်သူများ ဖြစ်ကြောင်း၊ လူငယ်ဘဝတွင် သင်ယူသင့် သင်ယူထိုက်သည်များကို သင်ယူကြမှသာ အရည်အချင်းရှိသော ဦးဆောင်သူများဖြစ်လာနိုင်ပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင် အကျိုး၊ မိမိလူအဖွဲ့အစည်း၏ အကျိုးများကို သယ်ပိုးနိုင်သူများဖြစ်လာနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို တန်ဖိုးရှိသော လူသားအရင်းအမြစ်များအဖြစ် မျှော်မှန်းပြီး ပြုစုပျိုး ထောင်ပေးလျက်ရှိကြောင်း လူငယ်များအနေဖြင့် မိမိကိုယ်ကိုမိမိ တန်ဖိုးရှိသော လူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်နိုင်တင့် က ညှိနှိုင်းရေးမှူး(Moderator)အဖြစ်ဆောင်ရွက်ပြီး လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း ထူးခြားသော အင်အားစုတစ်ရပ်လည်း ဖြစ်ကြောင်း၊ နိုင်ငံတော်ကပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုစသော ဘက်စုံဖွံဖြိုး တိုးတက် ရေးလုပ်ငန်းများတွင် လူငယ်ရေးရာကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ (Social Media) လူမှုမီဒီယာများကို အသုံးချပြီး အတွေးအမြင်လွဲမှားအောင် အလွယ်တကူ လုပ်ဆောင်လာနိုင်သည်ကိုတွေ့ရကြောင်းနှင့် လူငယ် စကားဝိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ဆွေးနွေးပြောကြားသူများအဖြစ် ဒေါ်စပယ်သွင်၊ မအင်ကြင်ခိုင်၊ မောင်ဖြိုးအောင်စိုး၊ မယုယလေး၊ မောင်ဖြိုးသီဟကျော်၊ မရွှေရည်သန့်စင်တို့က လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်များယုံကြည်မှုရရှိရန် ပြင်ဆင်ထားရမည့်အကြောင်း၊ လူငယ်နှင့် အားကစားအမြင် စသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့၍ ဆွေးနွေးပြောကြားခဲ့ကြကြောင်းသတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)