ပုဇွန်တောင် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်နွယ်ဦး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရမည့်အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်-၁၉ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်လွင် လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ယနေ့ နံနက်ပိုင်းက ထပ်ဆောင်းကာကွယ်ဆေး (တတိယအကြိမ်) (၄၄) ဦး၊ ထပ်ဆောင်း ကာကွယ်ဆေး (စတုတ္ထအကြိမ်) (၁၉၇)ဦး၊ အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ပထမ အကြိမ် (၇)ဦး၊ ဒုတိယအကြိမ်(၄)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။
ဟန်စုယဉ်