မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မူဆယ် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီး(တပ်နယ်မှူး) ဗိုလ်မှူးကြီးဇော်မင်းထက် ဦးဆောင်၍ တက်ရောက်လာသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ ပညာရေးစုံညီပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Grade-9နှင့် Grade-10 ကျောင်းသူ/သားတို့၏ “ပျော်ရွှင်စရာ စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနား စတင်ခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဦးအယ်လ်ဇော်ရှန်လွင်က ဘက်စုံပညာရေးစုံညီပွဲတော် ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အဘက်ဘက်မှ ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ဖြစ်ပေါ်လာစေရေးအတွက် အမှာစကားပြောကြားခဲ့ပြီး တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီစံမှလည်း ကာယ၊ ဉာဏ၊ စာရိတ္တတို့နှင့် ပြည့်စုံသော ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ဖြစ်စေရေးနှင့် ဘက်စုံထူးချွန်သည့် ကျောင်းသား/သူများ ဖြစ်ပေါ်လာစေရန် မိဘ၊ ဆရာ၊ ကျောင်းသား/သူများ စုပေါင်းညီညွတ်စွာ ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆုံးမဩဝါဒစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အတန်းလိုက် ထူးချွန်ဆုရရှိသော ကျောင်းသား/သူများ၊ မြို့နယ်ပညာရည်ချွန်ဆုရရှိသူများ၊ ပြည်နယ်အဆင့် ပညာရည်ချွန်ဆု ရရှိသူများနှင့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများကို  ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)