မြ၀တီ ဇန်နဝါရီ ၁၂
မြန်မာထိုင်းနယ်စပ် မြဝတီမြို့ရှိ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားကို Covid-19 ကူးစက်မြန်ရောဂါကြောင့် သုံးနှစ်နီးပါးခန့် ပိတ်ထားခဲ့ရာမှ ယနေ့နံနက် ၈ နာရီခွဲက ပြန်လည် ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်ရန်အတွက် ထိုင်းနိုင်ငံဘက်ကမ်းရှိ TERMINAL အဆောက်အဦ ဒုတိယထပ်တွင် ယနေ့နံနက် ၇ နာရီက နှစ်နိုင်ငံတာ၀န်ရှိသူများ တွေ့ဆုံ ဆွေးနွေးပြီးနောက် နံနက် ၈ နာရီခွဲတွင် ချစ်ကြည်ရေးတံတားအားဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြ၀တီခရိုင်စီမံချုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့၀င်များ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာဆွန်ချိုင်းကစ်ကျလိန်းလုလို့နှင့် တာဝန်ရှိသူများ၊ မြန်မာ TBC ဥက္ကဋ္ဌ ခလရ ၂၇၅ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်းနှင့်တာဝန်ရှိသူများ၊ ထိုင်း TBC ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဖုန်စထောန်နစ်ဖရာ့နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး ကြည်ရင်းနှီးစွာ လှည့်လည်ကြည့်ရှုသည်။
ခမ်းအနားသို့ နယ်စပ်ကုန်သည်အသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်သည်။
အမှတ် (၁)အချစ်ကြည်ရေးတံတားအား ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် မြ၀တီ-မဲဆောက် စျေး၀ယ်၊ စျေးသည် ခရီးသွားလာရေး အဆင်ပြေကြမည်ဖြစ်ပြီး မြ၀တီ-မဲဆောက် ခရီးသည်ပို့ဆောင်ရေးယာဉ်ငယ်များ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများလည်း ပြန်လည်စတင်နိုင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်မည့်သူများကိုချစ်ကြည်ရေးတံတားအမှတ်(၁) မြ၀တီဘက်၌ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးလျက်ရှိပြီး လိုင်စင်ရှိ အိမ်စီးကားများသွားလာခွင့်ပြုသလို ခရီးသွားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးလက်မှတ် ပါရှိရမည်ဖြစ်သည်။
မြန်မာ-ထိုင်း၊ မြ၀တီ- မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)ကို Covid-19 ကူးစက်မြန်ရောဂါ စတင်ပျံ့နှံ့ခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က နှစ်နိုင်ငံအစိုးရတာ၀န်ရှိသူများ ညှိနှိုင်းကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားသည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့အား ဆက်သွယ်သွားလာရန်အတွက် သောင်ရင်းမြစ်အား ဖြတ်ကျော်ကာ ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၄၂၀ မီတာ (၁,၃၈၀ ပေ) ရှည်လျားကာ ၁၃ မီတာ (၄၂ ပေ ၈ လက်မ) ကျယ်ဝန်းသည်။၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ေသာ အမှတ် (၂)ချစ်ကြည်ရေးတံတားမှာ ကုန်စည်ပိုဆောင်ရေးအတွက် အသုံးပြုလျက်ရှိပြီး အမှတ် (၁)တံတားမှ လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)