ဟိုပုံး ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ အိမ်ထောင်စုစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဟိုပုံးမြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းစဉ် တစ်ရပ်လုံးပြီးမြောက် အောင်မြင်စေရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်၊ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုလင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးဆန်းထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော် နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ အိမ်ထောင်စုများတွင် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များမှန်ကန်စေရေး၊ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ လူဦးရေဆိုင်ရာစာရင်းအချက်အလက်များနှင့် မသန်စွမ်းငါးမျိုးစာရင်း တစ်အိမ်တက် ဆင်းကောက်ယူနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
ဟိုပုံးမြို့နယ်အတွင်းရှိ အခြားရပ်ကွက်/ကျေးရွာများတွင်လည်း စာရင်းကောက်ယူရေးအဖွဲ့များက တစ်ပြိုင်တည်းကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာရင်းကောက်ယူနေမှုများကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)