ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် အတွက် ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ရပ်ကွက်များ အလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့ (၃၀) ဖြင့် မြို့နယ်ရပ်ကွက်များအလိုက် သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံကောက်ယူလျက်ရှိသည်။ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်နှင့် အိမ်ထောင်စု ၁၂၀၆၂ စုရှိရာ ဇန်နဝါရီ ၁၀ ရက်နေ့အထိ အိမ်ထောင်စု ၂၉၁၁ စုအား စာရင်းကောက်ယူထားပြီးဖြစ်သည်။
အဆိုပါ မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့များက ရပ်ကွက်များအလိုက် လိုက်လံကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ (IPRD)