ဘားအံ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/သူများ အခက်အခဲမရှိ အမှတ်ပေးစည်းမျဉ်းနှင့်အညီ အောင်မြင်စွာဖြေဆိုနိုင်ရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ကရင်ပြည်နယ်တွင် ပညာသင်ယူနေကြသော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအတွက် များစွာအထောက်အကူဖြစ်စေသလို ပညာကို ဆက်လက်ဖြန့်ဝေပေးကြမည့် ဆရာ/ဆရာမများအတွက်လည်း များစွာအကျိုးကျေးဇူးရရှိမည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်ဟောင်းအတွက် နောက်ဆုံးနှစ်ဖြေဆိုခြင်းဖြစ်သလို ကျောင်းသား/ကျောင်းသူများအတွက် ကြိုးစားဖြေဆိုရမည့်စာမေးပွဲလည်းဖြစ်ကြောင်း အခြေခံပညာရေး၏ အခန်းကဏ္ဍတိုးတက်မှသာ အဆင့်မြင့်ပညာအသက်မွေးပညာရပ်များတွင်သာမက ပညာရပ်အသီးသီးသို့ ချဉ်းကပ်ရာတွင်လည်းကောင်း၊ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအထောက်အကူဖြစ်စေ၍ ပညာရေးမိသားစုများ၏ ဝိုင်းဝန်းအားဖြည့်ဆောင်ရွက်ပေး ကြမှသာ တိုးတက်ပြောင်းလဲလာမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းကြိုးစားအားဖြည့်ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း အဖွင့်အမှာစကြားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်နန့်ဆယ်လီလှိုင်က ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှုမြင့်မားပြီး တက္ကသိုလ်ဝင် မျှော်မှန်းအောင်ချက်ပြည့်မီကျော်လွန်ရေးအတွက် သင်ကြားပေးသည့် ဆရာ/ဆရာမများက အမှတ်ပေးစည်းမျဉ်းနှင့်အညီသင်ကြားပေးနိုင်ရန် ကြိုးစားပေးရန်လိုအပ်ကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟောင်းကိုဝင်ရောက်ဖြေဆိုမည့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ရွှေ့ပြောင်းပြင်ပဖြေကျောင်း စုစုပေါင်း(၅၅)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၂၈၂၁) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို ဇန်နဝါရီလ (၁၂)ရက်နေ့တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်များကို မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများက ဆရာ/ဆရာမ (၂၉၄)ဦးအား ဆွေးနွေးသင်ကြားပေးမည်ဖြစ်ပြီး ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ဘားအံတက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများက တက္ကသိုလ်ဝင်တန်းစနစ်ဟောင်းဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၈၂၁)ဦးအား ဘာသာရပ်အလိုက်ဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)