ရန်ကင်းမြို့နယ် အ.ထ.က(၂)တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကင်း ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ ကျောင်းသား လူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၂ နာရီအချိန်မှ ၁၄:၃၀ နာရီအထိ ရန်ကင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၈၀)ဦးအား ဒုတိယစုံစမ်းရေးမှူး ဒေါ်အေးသိမ့်သိမ့်ချိုမှလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ကျောင်သား/ကျောင်းသူ(၈၀)ဦးအား ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်းမှလည်းကောင်း အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ ရန်ကင်းမြို့နယ် ပညာရေးမှူး ဒေါ်ဝင်းရည်မွန်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ညိုနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးတို့ တက်ရောက်ကာ စိတ်ပါဝင်စားစွာ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။

အိရွှေစင်(ပြန်/ဆက်)