လောက်ကိုင် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် (၉)နာရီ အချိန်က အဆိုပါကျောင်းကွင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသူ/ကျောင်းသားကလေးများမှ “ကြိုဆိုပါတယ် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး လောက်ကိုင်ဒေသ ပညာရေးမှူး ဆရာကြီး ဦးသန်းမော်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် ကျောင်းသား/ ကျောင်းသူကလေးများ၏ အကအလှများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ထို့နောက် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာမကြီးနှင့် ဆရာ/ဆရာမများအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းက ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၁ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန်(၃)ဦးအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကလည်းကောင်း၊ မြို့နယ်အဆင့် လူရည်ချွန်(၂)ဦးအား စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်ကလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/ ကျောင်းသူ (၁၃)ဦးနှင့် ဇီဝဗေဒဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်များတွင် ဂုဏ်ထူးထွက်ရှိအောင် သင်ကြားပြသပေးသော အထက်တန်းပြဆရာမ ဒေါ်အိသူပန်နှင့် ဒေါ်ဝင်းသိမ့်သိမ့်တို့အား တာဝန်ရှိသူများကလည်းကောင်း အသီးသီး ဆုများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အခမ်းအနားတွင် ရိုးရာအကများဖြင့် အသီးသီးကပြဖျော်ဖြေကြသော ကျောင်းသား/ ကျောင်းသူကလေးများနှင့် ဆရာ/ဆရာမများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့် တက်ရောက်လာသည့် ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများက ဆုတော်ငွေများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများမှ ဆုများကို ဆက်လက်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)