လယ်ဝေး ဇန်နဝါရီ ၁၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (၁) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းကျော်သူ၊ မြို့နယ်ပညာရေးမှူး ဦးအောင်လွင်၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား Grade-9 ကျောင်းသား၊ ကျောင်းသူများမှ “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးအောင်လွင်က “မိဘဆရာ ပူးပေါင်း သားသမီးပညာကောင်း” ဆိုသည့်အတိုင်း မိမိတို့၏ သားငယ်၊ သမီးငယ်များအား ပညာသာမက အသိပညာပါ ပိုမိုရရှိအောင် ဆရာ၊ ဆရာမများအနေဖြင့် ယခုထက်ပို၍ သင်ကြားပေးစေလိုပြီး ကျောင်းသား၊ ကျောင်းသူများကလည်း အချိန်ကိုအကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် အဓိကကျကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့်က ကျောင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့်ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)