ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၂

ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ မောင်နေခြည်(ပြည်) ရေးသားသည့် “ပွင့်သောပန်းတို့အလန်းဆုံးဝေ” စာအုပ်ပါအကြောင်းအရာများကိုဖတ်ရှုကာ မိမိတို့၏အတွေး အမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။

စာပေဝါသနာရှင် ကျောင်းသားများနှင့် ကျောင်းသူများက ယခုစာအုပ်တွင် စာရေးဆရာသည် အထက်တန်းအဆင့်အရွယ်ယောင်္ကျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ကို ဇာတ်ကောင်အဖြစ်ထားကာ ရေးဖွဲ့ထားသည်ကိုတွေ့မြင်ရပါကြောင်း၊ ဇာတ်ကောင်ယောင်္ကျားလေးသည် မိဘကငွေကြေးအသင့်အတင့်ရှိသော်လည်း စာသင်ကျောင်းတွင်ဆိုးသွမ်းလွန်း၍ စာမေးပွဲကျရှုံးခဲ့ခြင်းကြောင့် သူ၏မိဘများက ကျောင်းထုတ်ခဲ့ခြင်းကိုတွေ့မြင်ရပါကြောင်း၊ ဇာတ်ကောင်မိန်းကလေးသည် ဘဝပေးကံတရားနှင့်မိဘ၏ ငွေကြေးချို့တဲ့မှုကြောင့် ကျောင်းထွက်ခဲ့ ရသည်ကိုတွေ့မြင်ရပါကြောင်း၊ မိမိတို့ပတ်ဝန်းကျင်တွင်လည်း ထိုကဲ့သို့ဖြစ်ရပ်များကို တွေ့မြင်ခဲ့ခြင်းရှိသောကြောင့် ယခုလိုပညာပေးစာအုပ်များကိုဖတ်ရှုကာ လိုက်နာနေထိုင်သွားကြရန်လိုအပ်ကြောင်းတို့ကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး