မြစ်သား ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လူဦးရေစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကာ စာရင်းကောက်ယူရေးအဖွဲ့(၁၀၅)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းစာရင်းများကိုယနေ့တွင် ဆက်လက်ကောက်ယူလျက်ရှိသည်။
ထိုသို့ အိမ်ထောင်စုစာရင်းများ ကောက်ယူရာတွင် အိမ်ထောင်စုစာရင်းများတွင် မှတ်ပုံတင်နံပါတ်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်ရန် ဖြည့်သွင်းခြင်း၊နိုင်-၄ မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရန် စိစစ်ဖြည့်သွင်းခြင်း၊ အခြားမြို့နယ် အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများနှင့် အိမ်ထောင်စုစာရင်း မရှိသူ၊ရွှေ့ပြောင်းသွားလာသူများအား အိမ်ထောင်စုအလွတ်ဖြင့်ကောက်ယူခြင်း၊ မသန်စွမ်း(၅)မျိုး စာရင်း စသည်တို့ကို စနစ်တကျ ကောက်ယူဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများကလည်း ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ရပ်ကွက်ကြီး(၁၁)ရပ်ကွက်၊ကျေးရွာအုပ်စု (၈၁)အုပ်စု၊ကွင်းဆင်းကောက်ယူရေးအဖွဲ့ပေါင်း (၁၀၅)ဖွဲ့ဖြင့် ဇန်နဝါရီလ (၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ စာရင်းများကောက်ယူသွား မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သီတာအောင်(မြစ်သား)