ကျောက်မဲမြို့တွင် မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရေး (Working Group) လုပ်ငန်းဆောင်ရွက်နေမှုအား ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ကျောက်မဲ ဇန်နဝါရီ ၁၂

ကျောက်မဲမြို့တွင် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီလ (၉)ရက်နေ့မှစ၍ တစ်အိမ်တက်ဆင်း စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အိမ်ထောင်စုစာရင်းများ ကောက်ယူရာတွင် Server အတွင်းရှိ အိမ်ထောင်စုစာရင်းများ တွင် မှတ်ပုံတင်နံပါတ်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန်နိုင်စေရေး ဖြည့်သွင်းခြင်း၊ နိုင်- ၄ မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေး စီစစ်ဖြည့်သွင်းခြင်း၊ အခြားမြို့နယ် အိမ်ထောင်စုစာရင်း ကိုင်ဆောင်သူများနှင့် မည်သည့် အိမ်ထောင်စုစာရင်းမရှိသူ၊ ရွှေ့ပြောင်း၊ ပျံကျများအား အိမ်ထောင်စု (အလွတ်)ဖြင့် ကောက်ယူခြင်း၊ မသန်စွမ်း (၅)မျိုးစာရင်း စနစ်တကျ ကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စာရင်းများကောက်ယူရာတွင် အဆင်ပြေ​စေရေးအတွက် ကျောက်မဲခရိုင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌အောင်မြင့်ဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ကျောက်မဲမြို့နယ်တွင် ရပ်ကွက် (၂၀)ခု ကျေးရွာအုပ်စု (၇၀)အုပ်စု၊ စုစုပေါင်း (၉၀)အုပ်စုမှ အိမ်ထောင်စု စုစုပေါင်း (၅၂၈၃၃) စုရှိပြီးအဆိုပါ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးအဖွဲ့ (၈၅) ဖွဲ့ဖြင့် ဇန်နဝါရီ ၉ ရက်နေ့မှ စတင်၍ တစ်အိမ် တက်ဆင်းစာရင်းများ ဆက်လက်ကောက်ယူခဲ့ရာ ဇန်နဝါရီ ၁၁ ရက်နေ့အထိ အိမ်ထောင်စု (၉၃၁၀)စုမှ လူဦးရေ (၃၀၁၈၅)ဦးနှင့် မသန်စွမ်းသူ ( ၁၅၂)ဦး စာရင်းကောက်ယူခဲ့ပြီးကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)