၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း ဇန်နဝါရီ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲကို ယနေ့ နံနက် (၉)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပညာဂုဏ်ရည် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားကို မြို့ရှေ့အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူလေးများ၏ “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသား၊ကျောင်းသူလေးများ၏ “စာသင်ကျောင်းကခေါင်းလောင်းသံ” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေ ဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ယင်းနောက် မြို့နယ်ပညာရေးမှူးဒေါ်မော်မော်က ပညာရေးစုံညီ ပွဲတော်ကျင်းပရခြင်းနှင့်ပညာရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ စံပြ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူလေးများက “ကျောက်ပန်းတောင်းမြေက ဖိတ်ခေါ်သံ”သီချင်းဖြင့်တေးသရုပ်ဖော်ဧည့်ခံဖျော်ဖြေကြပြီး၊၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဆရာမကြီးဒေါ်သောင်းနုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဂုဏ်ထူးဆောင်ဆုထပ်ဆင့်ချီးမြှင့်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်အဆင့်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ဆက်လက်၍ အခြေခံပညာကျောင်းအလိုက် ကျောင်းသား၊ကျောင်းသူလေးများက တေးသရုပ်ဖော်များ၊ တေးသီချင်းများနှင့်ဧည့်ခံဖျော်ဖြေခြင်းနှင့် ဘာသာရပ်အလိုက် စွမ်းရည်ထူးချွန်ဆုရရှိသူများ၊  နေ့ထူးနေ့မြတ်အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲများတွင်ဆုရရှိသူများ၊ အားကစားထူးချွန်ဆုရရှိသူများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းသား၊ကျောင်းသူလေးများက “ပြည်မြန်မာ”သီချင်း ဖြင့်ဧည့်ခံဖျော်ဖြေ၍  အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်ဆရာမကြီးဒေါ်သောင်းနု၊ မြို့နယ်ပညာရေးမှူးဒေါ်မော်မော်နှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆုရကျောင်းသားကျောင်းသူများနှင့်မိဘများ၊ ဧည့်ခံဖျော်ဖြေရေးအဖွဲ့ဝင် ကျောင်းသား၊ကျောင်းသူများနှင့်မိဘများ စုစုပေါင်း (၃၂၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)