ပန်နန်းဒင်မြို့ မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

န်နန်းဒင် ဇန်နဝါရီ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၁၀) ရက် ညနေ (၃) နာရီက ပန်နန်းဒင်မြို့ မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဆရာဦးဇကွန်းဂျောင်ဆားရ်က ပြိုင်ပွဲစတင်ကျင်းပနိုင်ရန်အတွက် အချိန်ဆက်ကပ်ဆုတောင်းပေးခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓါတ်ထက်သန်လာစေရန်နှင့် မိမိမြို့နယ်မှ အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားစိတ်ဓါတ်ဖြင့် ပြိုင်ပွဲစ၊ လယ်၊ ဆုံး အထိ ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ နောင်မွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အား/ကာမှူး ဦးထက်နိုင်ငြိမ်းက ပန်နန်းဒင်မြို့အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက လက်ခံရယူသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး ပန်နန်းဒင်မြို့အခြေခံပညာအထက်တန်းကျောင်း ကျောင်းသူများက အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပန်နန်းဒင်မြို့ မြို့မရဲစခန်းမှူးရဲအုပ် ချမ်းငြိမ်းကိုက အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ပြိုင်ပွဲကွင်းဖွင့်ပွဲတွင် မြို့မ (က) ဘောလုံးအသင်းနှင့် ဌာနဆိုင်ရာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နှစ်ဂိုးစီသရေဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ကိုးသင်းတို့က အုပ်စုနှစ်အုပ်စုခွဲကာ တစ်ရက်လျှင်သုံးပွဲနှုန်းဖြင့် ဇန်နဝါရီ (၁၀) ရက်မှ ဇန်နဝါရီ (၁၉) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်နန်းဒင် (ပြန်/ဆက်)