ပြည်ကြီးတံခွန် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အ.ထ.က(၂၇) အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က (၂၇) ကျောင်းသားကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဆု ရရှိသော ကျောင်းများနှင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရရှိသော ကျောင်းများအား ဒုတိယညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ပြီး ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွင်း တိုင်းအဆင့်၊ ခရိုင်အဆင့် မြို့နယ်အဆင့် ပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် အ.ထ.ကခွဲ (၂၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (၂၉)ကျောင်းမှ ကျောင်းသူများက နားပန်းဆံသီချင်းဖြင့် လည်းကောင်း၊ အ.ထ.က (၂၇) ကျောင်းမှ ဆရာမများက ပန်းကလေးများရဲ့ ဥယျာဉ်မှူးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.ကခွဲ(၅)မှ ကျောင်းသူလေးများက ဘက်စုံပညာကိုရည် တို့လှမ်းချီသီချင်းဖြင့်လည်း ကောင်း၊ အမေ့အိမ်ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက ပျော်ရွှင်လှုပ်ရှားကစားကြမယ် သီချင်းဖြင့်လည်းကောင်း အသီးသီး ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)