မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူသည့် စာရင်းများအရ ယနေ့အချိန်ထိ အိမ်ထောင်စု ၈၁၉၈ စုကို အတည်ပြုနိုင်ခဲ့

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍တိုက်ဆိုင် စစ်ဆေးရန်အတွက် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း  စာရင်းကောက် ယူခြင်းလုပ်ငန်းများကို ယခုလ ၉ ရက်နေ့မှစ၍ မြို့ နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ရာ ယခုလ ၁၀ ရက်နေ့အထိ ကောက်ယူခဲ့သော စာရင်းများအရ အိမ်ထောင်စု ၈၁၉၈ စုကို အတည်ပြုထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၀) ရှိပြီး မြေပြင်စာရင်းကောက်ယူမည့် ကောက်ကွက် (၉၂) ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များဖြင့် ရပ်ကွက်များ အလိုက် သတ်မှတ်ပုံစံများဖြင့် မြေပြင်ရှိလူဦးရေစာရင်းများကို အဖွဲ့ (၉၂) ခုဖြင့် လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။

မြေပြင်လူဦးရေစာရင်းကောက်ယူမည့်  အိမ်ထောင်စုမှာ ၄၁၉၃၅  ရှိပြီး ယခုလ ၁၀ ရက်နေ့အထိ ကောက်ခံရရှိသော စာရင်းများအရ အိမ်ထောင်စု ၈၁၉၈ ကို အတည်ပြုနိုင်ကြောင်းနှင့် ကျန်ရှိနေသည့် အိမ်ထောင်စု ၃၃၇၃၇ စုကို ဆက်လက်ကောက်ခံလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအလိုက်ကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရသည်။

ကျော်သူဟိန်း(ပြန်/ဆက်)