ထားဝယ် ဇန်နဝါရီ ၁၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်း) ဂေါက်သီး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များဆွတ်ခူးရရှိသည့် အားကစားအဖွဲ့များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့်အခြေအနေအား ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များဆွတ်ခူးနိုင်ခြင်းသည် မိမိတိုင်း၊ မိမိဒေသ၏ ဂုဏ်အဆင့်အတန်းကို မြင့်မားတိုးတက်စေသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ဂေါက်သီး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ် အားကစားနည်းများတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးနိုင်သည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့်ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၌ ၂၀၂၂ ခုနှစ်တွင် ရွှေ(၁၂)ခု၊ ငွေ(၆)ခု၊ ကြေး(၅)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာ့လက်ရွေးစင်များပါကစားခွင့်ပြုသည့် ယခုနှစ်တွင် ရွှေ(၈)ခု၊ ငွေ(၉)ခု၊ ကြေး(၅)ခုနှင့် အမျိုးသမီးတံခွန်စိုက် ဒုတိယဆု၊ စုပေါင်းတံခွန်စိုက် တတိယဆု တို့ကိုဆွတ်ခူးနိုင်ခဲ့ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်း အားကစားပြိုင်ပွဲများတွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် လက်ရွေးစင်အားကစားသမား များ တစ်ဦးမှမပါရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထိုက်သင့်သော အောင်မြင်မှုများရရှိလာသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်သော်လည်းကောင်း တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူလူထုကိုယ်စားသော်လည်းကောင်း များစွာ နှစ်ထောင်းအားရချီးကျူးဂုဏ်ပြုပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအနေဖြင့် ရရှိပြီးသောအောင်မြင်မှုများကို အနာဂါတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရန်အတွက် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓါတ်များဖြင့် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်လိုအပ်ကြောင်း၊ “တရားသဖြင့် ယှဉ်ပြိုင်” “နိုင်အောင်ကြိုးပမ်း” “ယှဉ်ပြိုင်လျှင်နိုင်ရမည်” ဆိုသည့် ဆောင်ပုဒ်များကိုလက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းတွေဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက တိုင်းဒေသကြီးဂေါက်သီးအဖွဲ့ကရရှိလာသော ဆုဖလားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံအပ်နှံပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က အကျောပေးပြိုင်ပွဲတတိယဆုရရှိသည့် တိုင်းဒေသကြီးဂေါက်သီးအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း၊ တစ်ဦးချင်းပြိုင်ပွဲတတိယဆုရရှိသော မောင်အောင်မျိုးထွန်းအား ဂုဏ်ပြုဆုငွေကျပ်(၂)သိန်း၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခုရရှိသော တိုင်းဒေသကြီးမြန်မာ့သိုင်းအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၇)သိန်း၊ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၉)ခု၊ ကြေးတံဆပ်(၅)ခုရရှိသော ပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၁၀၃) သိန်းအားပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအမျိုးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က တိုင်းဒေသကြီးဂေါက်သီးအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းအားလည်းကောင်း တိုင်းဒေသကြီးပြေးခုန်ပစ်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ပြေးခုန်ပစ်အဖွဲ့အားဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း အားလည်းကောင်းပေးအပ်ပြီး အားကစားအဖွဲ့များကိုယ်စား တိုင်းဒေသကြီးမြန်မာ့သိုင်းအဖွဲ့အုပ်ချုပ်သူ ဦးဇေယျာဋ္ဌေးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်