စဉ့်ကိုင် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့ နံနက်(၉)နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း (စဉ့်ကိုင်) သဇင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသူကလေးငယ်များက "ထာ၀ရမြန်မာ" သီချင်းဖြင့် ဖွင့်လှစ် ဖျော်ဖြေခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပရခြင်းနှင့် ဆုများ ပေးအပ်ချီးမြှင့်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက အားပေးချီးမြှင့်စကား ပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား တာ၀န်ရှိသူ အသီးသီးက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)