လှိုင်းဘွဲ ဇန်နဝါရီ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မြိုင်ကြီးငူ) အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အမှတ်စဉ်(၅)သင်တန်းကို တက်ရောက်ပညာသင်ကြားနေကြသည့် သင်တန်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ပူးပေါင်း၍ အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၀ နာရီအချိန်ကပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရန်၊ရှောင်ရန်အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးရီက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆောင်ကျဉ်ရမည့်အချက်များကို ဟောပြောရှင်းပြခဲ့ပြီးနောက် ငလျင်အန္တရာယ် ဖြစ်ပေါ်ပါက ဆောင်ရွက်ကြရမည့်နည်းလမ်းများကို သင်တန်းသူများအား လက်တွေ့ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ပေးခဲ့သည်။
ထို့နောက် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌဦးဌေးဝင်းက မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ၊ကာကွယ်တားဆီးကြရမည့်နည်းလမ်းများအကြောင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အဖွဲ့ဝင် တပ်ခွဲတပ်ကြပ်ကြီးဦးလင်းခိုင်(ငြိမ်း)က သတင်းအမှားအမှန်ခွဲခြားသိမြင်နိုင်ရေး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထဝီအနေအထားနှင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ စည်းလုံးညီညွတ်ကြရန်လိုအပ်ကြောင်း ဆွေးနွေးဟောပြော ခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်၊ လေးအလုပ်သမားလျော့နည်းပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင် များကိုခင်းကျင်းပြသခဲ့ရာ သင်တန်းသူများကစိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မြိုင်ကြီးငူ)၌ ဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အမှတ်စဉ်(၅)သင်တန်းကို ၂၀၂၂ခုနှစ်၊အောက်တိုဘာလ၂၅ရက်နေ့မှ ၂၀၂၃ ခုနှစ်၊မတ်လ၂၄ ရက်နေ့အထိ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒေသနေတိုင်းရင်းသူ စုစုပေါင်း သင်တန်းသူ(၃၀)ဦးအား သင်တန်းနည်းပြဆရာမ(၈)ဦးတို့က ဇာထိုး၊ပန်းထိုးပညာ၊ သတို့သမီး ၊သတို့သားဝတ်စုံချုပ်လုပ်နည်း၊ ပွဲနေ၊ပွဲထိုင်ဝတ်စုံများချုပ်လုပ်နည်း၊ အမျိုးသားဝတ်ရှပ်အင်္ကျီ၊ တိုက်ပုံချုပ်လုပ်နည်း၊ လက်ကိုင်အိတ်များအလှဆင်နည်း၊သိုးမွှေးဆွယ်တာအင်္ကျီနှင့် ခေါင်းစွပ်ထိုး နည်းများကို စာတွေ့၊လက်တွေ့သင်ကြားပြသပေးလျက်ရှိကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)