ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစာရင်း‌များ ဆက်လက်ကောက်ယူ

ဒဂုံမြောက် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ  ရပ်ကွက်များအလိုက် ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မူကော်မတီဝင်များ လူမူရေးအသင်းအဖွဲ့များမှ အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူခြင်း ကို တတိယနေ့အဖြစ် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေတိုက်ဆိုင် စစ်ဆေးစာရင်းကောက်ယူရေး လုပ်ငန်းအား ခရိုင်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုး၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ကောက်ယူ နိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက်  ရပ်ကွက်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့များအား လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ၊ လိုအပ်ချက်များ ရှိ၊ မရှိ မေးမြန်း၍ ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ ကောက်ယူနိုင်ရေးအတွက် ရပ်ကွက်(၂၇)ရပ်ကွက်ရှိ စာရင်းကောက်ယူရေး အဖွဲ့များက ကောက်ကွက်များအလိုက်  မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကွက် စာရေးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လူနေအိမ်များတွင် အမှန်တကယ်နေထိုင်သော လူဦးရေစာရင်း ကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း သတ်မှတ်စာရင်းပုံစံများဖြင့်  ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ ဇန်နဝါရီလ ၃၁ ရက်နေ့ထိ ကောက်ယူသွား မည်ဖြစ်ကြောင်း သတင်းရသည်။

မြင့်မြင့်ရီ