မိုးနဲ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကွန်နားကျေးရွာအုပ်စု နမ့်မော်လေကျေးရွာနေ ပြည်သူများအနေဖြင့် ဝါးခမောက်မျိုးစုံ ပြုလုပ်ရောင်းချရာမှ မိသားစုအပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာနေ ပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဝါးခမောက်များ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မေးမြန်းရာတွင် ဝါးခမောက်ကို အမျိုးအစား ငါးမျိုး ပြုလုပ်ရောင်းချကြောင်း၊ ဝါးခမောက်အမျိုးအစားအလိုက် ဈေးနှုန်း ၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရောင်းချကြောင်း၊ လူတစ်ဦးက တစ်ရက်လျှင် ခမောက်ငါးခုပြီးကြောင်း၊ အသင့်ပြုလုပ်ပြီး ဝါးခမောက်များကို မြို့နယ်အတွင်းနှင့် လင်းခေး၊ ခိုလမ်၊ ကာလိ၊ ကွန်ဟိန်း စသည့်မြို့နယ်များမှ ဝါးခမောက် ရောင်းချသူများက အိမ်အရောက် လာရောက်ဝယ်ယူကြကြောင်း၊ ဝါးခမောက်ကို ဝါးပိုးဝါး၊ ဝါးပင်မှထွက်သော ဝါးကတ်များဖြင့် ပြုလုပ်ရပြီး များသောအားဖြင့် ဝါးများကို ၎င်းတို့ခြံမှရရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)